
#ပါမစ်မိတ္တူ_တစ်ချမ်းဝယ်ယူလျှင်
ရောင်းသူက ပါမစ်မူရင်းကိုင်ပြီး ဝယ်သူကို ပါမစ်မိတ္တူပေးလေ့ရှိပါသည်။ အရပ်အခေါ် မိတ္တူခြမ်းဖက်ကို ဝယ်ယူသည်ဟု ခေါ်ကြပါသည်။ မဖြစ်မနေ ပါမစ် မိတ္တူခြမ်းဖက်ကို ဝယ်ယူမည်ဆိုပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
၁။ ရောင်းသူကပေးသော ပါမစ်မိတ္တူနှင့် ရောင်းသူထံတွင်ရှိသော ပါမစ်မူရင်း ကိုက်ညီမှုရှိ မရှိကို စစ်ဆေးရန် လိုပါသည်။ ပါမစ်မူရင်းကို စစ်ဆေးကြည့်ရှု့ရာတွင် မူရင်းစာရွက်စာတမ်းစစ်မှန်သလား (သို့) Scan ဖတ်ထားသည့် စာရွက်စာတမ်းဖြစ်နေသလားဆိုသည်ကို ကြည့်ရှု့စစ်ဆေးရပါမည်။
၂။ ဒုတိယအချက်အနေဖြင့် ရောင်းသူထံတွင်ရှိသော ပါမစ်သည် အမည်ပေါက်မှန် မမှန် ၊ ဂရန်လျှောက်ထား ခြင်း ရှိ မရှိကို မြို့တော်စည်ပင်တွင် စုံစမ်းစစ်ဆေးရပါမည်။ (အိုးအိမ်ရုံးတွင် စုံစမ်းစစ်ဆေးနိုင်သော်လည်း အိုးအိမ် ရုံးတွင် အမည်ပေါက်မှန်မမှန်ကိုသာ သိရှိနိုင်မည်ဖြစ်ပြီး စည်ပင်တွင် စစ်ဆေးပါက ပါမစ်မှ ဂရန်လျှောက်ထားခြင်း ရှိ မရှိကိုပါ သိနိုင်သည်ဖြစ်၍ ပါမစ်စုံစမ်းစစ်ဆေးရန်နေရာကို မြို့တော်စည်ပင်တွင် စုံစမ်းစစ်ဆေးရန် ရည်ညွန်း ခြင်းဖြစ်ပါသည်။ )
၃။ ပါမစ်မှန်ကန်ပါက သတင်းစာတွင် “ကန့်ကွက်နိုင်ကြောင်း” ကြော်ငြာထည့်သွင်းသင့်ပါသည်။ ( သတင်း စာတွင် ကြော်ညာထည့်သွင်းသင့်ကြောင်း အကြံပြုရခြင်းမှာ မြေကွက်နှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိ သိရှိနိုင် ရန်နှင့် မိတ္တူခြမ်းဖက်ကို ဝယ်ယူခြင်းဖြစ်၍ ရနိုင်သမျှသော အထောက်အထားများရှိနိုင်ရန်အတွက် ဖြစ်ပါသည်။ )
၄။ မိမိက ပြန်လည်ရောင်းချသည့်အခါတွင် မိမိရောင်းချသော ဝယ်ယူသူသို့ ပါမစ်မူရင်းကို ပြသပေးရန် ရောင်းသူနှင့် သဘောတူညီချက်ယူထားရပါမည်။ ( ဤအချက်ကို စာချုပ်ဖြင့်ရေးသားချုပ်ဆိုထား၍ရပါက ချုပ်ဆို ထားသင့်ပါသည်။ ရောင်းသူနှင့် ကြိုတင်၍ သဘောတူညီချက်ရယူသင့်ခြင်းမှာ သဘောတူညီချက်ယူထားခြင်းမရှိ ပါက မိမိကပြန်လည်ရောင်းချသည့်အခါတွင် ရောင်းသူဘက်မှ ပါမစ်မူရင်းပြသပေးခြင်းမရှိပါက ပြန်ရောင်းရာ တွင် အခက်အခဲရှိနိုင်၍ ဖြစ်ပါသည်။ )
၅။ ပါမစ်မှ ဂရန်လျှောက်မည်ဆိုပါက ပါမစ်မူရင်းအား အသုံးပြုခွင့်ပေးရန် ရောင်းသူနှင့် ကြိုတင် သဘောတူ ညီချက် ရယူထားရပါမည်။ သို့မှသာ တချိန်ချိန်တွင် မိမိအမည်ပေါက် ဂရန်လျှောက်မည်ဆိုပါက အခက်အခဲမရှိ အဆင်ပြေမည်ဖြစ်ပါသည်။
အပိုဒ် (၄) နှင့် (၅) မှာ စရန်မချမီ အရောင်းအဝယ်အတွက် စကားပြောသည့်အချိန်တွင်ပင် ဆောင်ရွက်ရ မည့်အချက်ဖြစ်ပါသည်။ အပိုဒ် (၄) နှင့် (၅) ပါ အချက်များ သဘောညီမှုရရှိပြီးပါမှ ကျန်သည့်အချက်များကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။